Tuesday, 10 December 2013



ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

ဧကတ္ထနည်းနှင့် နာနတ္တနည်းဟူသည် အဘယ်တို့နည်း။

ဒကာကြီးတစ်ယောက်က ဧကတ္တနည်းအစရှိသော

နည်းလေးပါးကို မေးလာပါသဖြင့် နှစ်ပိုင်းခွဲပြီး ဖြေဆိုရေးသားလိုက်ပါတယ်။

တရားဓမ္မ စိတ်ပါဝင်စားသူများ ဖတ်ရှု့လေ့လာနိုင်ပါတယ်။

ရှေးဘ၀က မိမိတို့ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့

အကြောင်းတရားတွေကြောင့် နောက်ဘ၀မှာ ခွေးဘ၀ နွားဘ၀ လူဘဝ

နတ်ဘ၀ အစရှိသဖြင့် ရုပ်နာမ်အစဉ် ဖြစ်လာရပါတယ်။

(အသက်ရှင်စဉ်တုန်းမှာ ကုသိုလ်ကို မျက်ကွယ်ပြုပြီး

အကုသိုလ်တွေကြီးပဲ ပြုလုပ်နေရင် သေပြီးတဲ့အခါ ငရဲ တရိ စ္ဆာန် ပြိတ္တာ

အသုရကာယ်ဆိုတဲ့ အပါယ်လေးဘုံမှာ ဖြစ်ရပြီးတော့ ကုသိုလ်တွေ

အားကောင်းရင်တော့

လူ့ဘ၀နတ်ဘ၀ဆိုတဲ့ ကောင်းတဲ့ဘ၀မှာ ဖြစ်လာရပါတယ်။)

အဲ့ဒီလိုဘ၀သစ် ဖြစ်လာတဲ့အခါမှာ ရှေးဘ၀နဲ့နောက်ဘ၀ဟာ

အကြောင်းအကျိုးတွေ ဆက်စပ်ပြီးတော့

ရုပ်နာမ်အစဉ်တစ်ခုထဲလို ဖြစ်နေတဲ့အတွက်ကြောင့်မို့ ရှေးဘ၀က

ကုသိုလ်ကံအကုသိုလ်ကံတွေကို ပြုတဲ့သူနဲ့ ဒီဘ၀မှာ

အဲ့ဒီကံတွေရဲ့အကျိုးကို ခံစားရတဲ့သူဟာ တစ်ယောက်တည်းလို့

ယူဆတဲ့နည်းကို ဧကတ္တနည်းလို့ ခေါ်ပါတယ်။ ဥပမာ ထပ်ပြောရရင်

သရက်စေ့ကနေ သရက်ပင်ပေါက်လာတဲ့အခါ သရက်စေ့က

အပင်မဟုတ်ပေမယ့်လဲ အစေ့ကိုမလိုက်ရင် အပင်ပါတယ်၊

အပင်ကိုဆွဲလိုက်ရင်လဲ အစေ့ပါလာတော့ တခုထဲလိုဖြစ်နေတယ်။ အဲ့ဒါကို

ဧကတ္တနည်းလို့ ခေါ်ပါတယ်။

သတ္တ၀ါတွေသေတဲ့အခါ ဘ၀ဟောင်းကရုပ်နာမ်က ဘ၀ဟောင်းမှာပဲ

အလုံးစုံချုပ်ခဲ့တယ်။ ဒီဘ၀သစ်မှာ ရုပ်နာမ်အသစ်ဖြစ်တယ်။ ဒါကြောင့်မို့

ဘ၀ဟောင်းက ရုပ်နာမ်ကတခြား၊ ဘ၀သစ်က ရုပ်နာမ်က တခြားလို့

ခွဲခြားပြီး ယူတဲ့နည်းကို နာနတ္တနည်းလို့ ခေါ်ပါတယ်။ ဥပမာ ထပ်ပြောရရင်

သရက်စေ့က အပင်ပေါက်လာတဲ့အခါ သရက်စေ့ကတခြား

အပင်ကတခြားမို့ အဲ့ဒီလိုခွဲခြားပြီးယူတဲ့နည်းကိ

နာနတ္တနည်းလို့ ခေါ်ပါတယ်။ (ယခင်က ရေးသားခဲ့တဲ့... လောကမှာ

လူသေရင် ၀ိညာဉ်လိပ်ပြာ အိမ်မှာ()ရက်နေတယ်ဆိုတာ

ဟုတ်မဟုတ်... ခေါင်းစဉ်ပေးထားတဲ့ တရားစာပေများနှင့် နှိုင်းယှဉ်ပြီး

ဖတ်ရှု့နိုင်ပါတယ်။ အဲ့ဒါမှသာ ဒိဋ္ဌိကင်းပြီး ဥာဏ်အမြင်ရှင်းနိုင်ပါမယ်။

ဒီနေရာမှာ ဆိုလိုရင်းမျှသာ ရေးသားလိုက်ပါတယ်။)

BY - ASHIN SUMANGALA

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ ။(၂)အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။



ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။

ဒကာကြီးတစ်ယောက်က ဧကတ္တနည်းအစရှိသော

နည်းလေးပါးကို မေးလာပါသဖြင့် နှစ်ပိုင်းခွဲပြီး ဖြေဆိုရေးသားလိုက်ပါတယ်။

တရားဓမ္မ စိတ်ပါဝင်စားသူများ ဖတ်ရှု့လေ့လာနိုင်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ကံသင်္ခါရတွေဖြစ်အောင် ပြုလုပ်မယ်လို့

အ၀ိဇ္ဇာမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။

သတ္တ၀ါတွေ သေပြီးတဲ့နောက်မှာ အမိဝမ်းတွင်းထဲမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင်လဲ ပြုလုပ်မယ်လို့

ကံသင်္ခါရတွေမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။ အဲ့ဒီလို

ယူဆတဲ့နည်းကို

အဗျာပါရနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့က အပင်ပေါက်ပေမယ့်

အပင်ပေါက်အောင်ဟဲ့လို့ အစေ့မှာ အားထုတ်မှု့ဗျာပါရ မရှိပါဘူး။

အဲ့ဒီနည်းကို အဗျာပါရနည်းလို့ ခေါ်ပါတယ်။ အ၀ိဇ္ဇာ ကံသင်္ခါရတွေမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင် ကြောင့်ကြစိုက်မှု့ဗျာပါရမရှိပေမယ့်

အ၀ိဇ္ဇာကြောင့် ကံသင်္ခါရဖြစ်တယ်၊ ကံသင်္ခါရကြောင့်

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်လာတယ်လို့ သိရတဲ့နည်းကို

ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့မှာ အားထုတ်မှု့ဗျာပါရ

မရှိပေမယ့်လဲ သရက်စေ့ဟာ ရေမြေနှစ်ပါးနှင့် ထိတွေ့ရင် အပင်ပေါက်ပြီး

လာပါတယ်။ အဲ့ဒါ ဧ၀ံဓမ္မတာနည်းပဲ ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေက

ဥပမာတွေဖြစ်ပါတယ်။ တကယ်ဆင်ခြင်ရမယ့် တ၇ားကတော့ မျက်လုံးဟာ

ရုပ်လားနာမ်လားဆိုရင် မျက်လုံးကရုပ် မြင်သိစိတ်က နာမ်သဘော၊

တခြားစီဖြစ်နေတဲ့အတွက်ကြောင့်မို့ နာနတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးဟာ မြင်စိတ်မဟုတ်ပေမယ့် မျက်လုံးမရှိပဲနဲ့မမြင်နိုင်၊

မျက်လုံးရှိမှသာ မြင်စိတ်ဖြစ်နိုင်တာမို့တစ်ခုထဲလို ယူတဲ့နည်းကို

ဧကတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးကြောင့်မို့ မြင်စိတ်ဖြစ်ပေမယ့် မြင်အောင်ဟဲ့လို့ အားထုတ်မှု့ဗျာပါရ

မျက်လုံးမှာ မရှိပါဘူး။ အဲ့ဒါ အဗျာပါရနည်း ဖြစ်ပါတယ်။ ကြောင့်ကြစိုက်မှု့

မျက်လုံးမှာ မရှိပေမယ့် မျက်စိနဲ့ရူပါရုံ ပေါင်းဆုံမိရင် မြင်စိတ်ဖြစ်လာတာမို့

အဲ့ဒါကို ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဒီနည်းလေးပါးကို

သမာဓိအားကောင်းကောင်းဖြင့်

ဆင်ခြင်သုံးသပ်လို့ ဥာဏ်အမြင်ရှင်းသွားရင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတွေ

ကင်းကွာနိုင်ပါမယ်။

BY - ASHIN SUMANGALA

Monday, 9 December 2013

ဝိပဿနာနှင့် မဂ်





တရားဓမ္မ နာယူမှတ်သားလိုသူများအတွက် ရေးသားလိုက်ပါတယ်။

ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ

ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။

မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ

(၀ါ)တ၇ားအားထုတ်နေတဲ့အခါမှာ

ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။

ဥပမာ -

တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ

နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ

သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား

တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊

မိမိရဲ့တင်ပါးနှစ်ဖက်လုံး

မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက်

စုံဆန်တက်လာတာ

အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။

အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင်

အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။

အဲ့ဒီဝေဒနာတွေဟာ ဖြစ်ပြီးရင် ပျက်သွားတယ်ဆိုတော့

မမြဲတဲ့သဘောတရားဟာ အနိစ္စတရားပါပဲ။ ဒီဝေဒနာတွေကို ခံစားနေရတာ

ဆင်းရဲတဲ့သဘောမို့ ဒုက္ခတရားပါပဲ။ မိမိခန္ဓာကိုယ်ကြီးကို မိမိမပိုင်ပဲ

သူ့သဘောအတိုင်း ဖြစ်ချင်သလိုဖြစ်

ပျက်ချင်သလိုပျက် ဖောက်ပြန်နေတာမို့ အစိုးမရတဲ့ အနတ္တတ၇ားပါပဲ။

ဒီလက္ခဏာရေးသုံးပါးကို အဖန်ဖန်အထပ်ထပ် မြင်နေအောင်

ပွားများရပါမယ်။ လက္ခဏာရေးသုံးပါးကို မြင်တဲ့ဥာဏ်ဟာ

ဝိပဿနာဥာဏ်ပါပဲ။ ၀ိပဿနာဥာဏ်က နုံ့နေအားနည်းနေရင်

မဂ်ကိုနှေးနှေးရောက်ပြီးတော့ ထက်ရင် မြန်မြန်ရောက်ပါတယ်။ ဒီလောက်ပဲ

ထူးခြားပါတယ်။ လက္ခဏာကိုရောက်တဲ့ ၀ိပဿနာဟာ

မဂ်ဥာဏ်ကို ဖြစ်စေနိုင်တယ်လို့ ဋီကာမှာ ဆိုပါတယ်။

* မနေရလို့-သေကြသောခါ၊
ကိုယ့်နောက်ကိုများ-ဘာများပါမှ၊
ပစ္စည်းစုစု-တစ်ခုမပါ၊
ကိုယ်ပြုထား-ကံများပါရမှာ။
* ခန္ဓာမွေးတာ- မြေကျွေးဖို့၊
* ဥစ္စာစုတာ-ထိုက်သူဖို့၊
* အလှူပေးတာ-ကိုယ့်ရေးဖို့
* အိုခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* နာခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* သေခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်
* မအိုရာမှန်, ပြည်နိဗ္ဗာန်, အနိစ္စံ-ရှုကာ ပွားရမည်။
* မနာရာမှန်, ပြည်နိဗ္ဗာန်, ဒုက္ခံ-ရှုကာ ပွားရမည်။
* မသေရာမှန်, ပြည်နိဗ္ဗာန်, အနတ္တံ-ရှုကာ ပွားရမည်။

မြို့တော်ဦးဆရာတော်

BY - ASHIN SUMANGALA