Thursday 19 December 2013
လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ အပိုင်း(၂)
Sumangalaramashweeainsi Meditation Center
လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ အပိုင်း(၂)
***************************************
မိမိစိတ်ကို ၀င်လေထွက်လေအပေါ် ထားရှိလိုက်ပြီဆိုလျှင်
စိတ်ကိုမပျံ့လွင့်စေပဲ တစ်ခုတည်းသော အာရုံအပေါ်မှာ
တည်ကြည်နေနိုင်အောင် ကြိုးစားရှု့မှတ်ပါ။ ၀င်လေထွက်လေကို
ရှု့မှတ်ခြင်းဆိုတာ အာနာပါန ကမ္မဋ္ဌာန်းပွားများခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်တို့သည် ဒီအာနာပါနကမ္မဋ္ဌာန်းကို ၀ိပဿနာ
ရှု့ပွားတော်မူကြပြီးပဲ မဂ်လေးဆင့်ဖိုလ်လေးဆင့်ကို ရရှိပြီး
ဘုရားဖြစ်တော်မူကြပါတယ်။ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးသ
ည်လဲ ဒီအာနာပါနကမ္မဋ္ဌာန်းကို ၂၄နာရီပတ်လုံး ရှု့ပွားတော်မူပြီး
ဒကာဒကာမအပေါင်းတို့အားလဲ ၂၄နာရီပတ်လုံး ဆောင်ထားကြရန်
တိုက်တွန်းတော်မူပါတယ်။
တိဟိတ်ပုဂ္ဂိုလ်လို ဥာဏ်ကြီးမားတဲ့သူတွေအတွက် နိဗ္ဗာန်ဆိုတာ
လက်တကမ်းမှာ ရှိပါတယ်။ ဘယ်လိုဥာဏ်ကြီးတဲ့သူတွေလဲဆိုတော့
ပဋိသန္ဓေပညာနဲ့ ပြည့်စုံတဲ့သူကို ဆိုလိုပါတယ်။ အမိဝမ်းတွင်းမှာ
ပဋိသန္ဓေ၀င်စားတဲ့အခါ အရင်ဦးဆုံး ပဋိသန္ဓေ၀ိဥာဏ်စိတ်နဲ့
ကလလရေကြည် တည်ပါတယ်။ ပဋိသန္ဓေ၀ိဥာဏ်စိတ်ဆိုတာက
ဘာလဲဆိုတော့ မိမိတို့အတိတ်ဘ၀ကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်
ဒီဘ၀မှာ ဖြစ်လာတဲ့ ကံရဲ့အကျိုးဝိပါက်စိတ်ကို
ပဋိသန္ဓေ၀ိဥာဏ်စိတ်လို့ ခေါ်ပါတယ်။
အဲ့ဒီစိတ်နဲ့ ယှဉ်တွဲပြီးတော့ အလောဘ အဒေါသ အမောဟဆိုတဲ့
ဟိတ်သုံးပါးပါလာရင် အဲ့ဒီပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
ပဋိသန္ဓေ၀င်စားစဉ် အခါမှာပဲ အမောဟခေါ်တဲ့
ပညာပါလာတဲ့အတွက်ကြောင့်မို့ အဲ့ဒီပုဂ္ဂိုလ်ကို ပညာရှိလို့လဲ ခေါ်ပါတယ်။
တိဟိတ်ပုဂ္ဂိုလ်လို့လဲ ခေါ်ပါတယ်။
ဝေနေယျတွေကလဲ -
ဥဂ္ဃါဋိတညူပုဂ္ဂိုလ် (အကျဉ်းကို နှစ်သက်သူ)၊
ဝိပဥ္စိတညူပုဂ္ဂိုလ် (မကျဉ်းမကျယ်ကို နှစ်သက်သူ)၊
အကျယ်ကိုနှစ်သက်သူ (နေယျပုဂ္ဂိုလ်)
ဆိုပြီး ဝေနေယျ သုံးမျိုးသုံးစား ရှိပါတယ်။
ကမ္မဋ္ဌာန်းမှာလဲ အရာခပ်သိမ်းမှာ အလိုရှိအပ်တဲ့ သဗ္ဗတ္ထကကမ္မဋ္ဌာန်း၊
အမြဲဆောင်ထားအပ်တဲ့ ပါရိဟာရိယကမ္မဋ္ဌာန်းဆိုပြီး
(၂)မျိုးရှိပါတယ်။ မေတ္တာဘာဝနာပွားများခြင်း၊ မရဏာနုဿတိ ပွားများခြင်း၊
အသုဘသညာတို့ကို သဗ္ဗတ္ထကကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။
ဗုဒ္ဓါနုဿတိကိုလဲ သဗ္ဗတ္ထကကမ္မဋ္ဌာန်းလို့ ဆိုသင့်ပါတယ်။
ကမ္မဋ္ဌာန်း(၄၀)မှာ ယောဂီရဲ့စရိုက်နဲ့လျော်တဲ့ ကမ္မဋ္ဌာန်းဆိုတာ ရှိပါတယ်။
ဒီတော့ မိမိစရိုက်ကို သိရှိဝေဖန်နိုင်ဖို့ စရိုက်(၆)ပါးကို ပြဆိုပါ့မယ်။
ရာဂစရိုက် (ရာဂထူပြောခြင်း)၊
ဒေါသစရိုက် (ဒေါသများခြင်း)၊
မောဟစရိုက် (မောဟအားကြီးခြင်း)၊
သဒ္ဓါစရိုက် (သဒ္ဓါအားကောင်းခြင်း)၊
ဗုဒ္ဓိစရိုက် (ပညာအားကောင်းခြင်း)၊
ဝိတက်စရိုက် (ကြံစည်သုံးသပ်မှု့များခြင်း)
ဆိုပြီး စရိုက်(၆)ပါး ရှိပါတယ်။
ရာဂများတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း၊ ကာယဂတာသတိ (ဆံပင်အစရှိတဲ့
ကိုယ်ခန္ဓာမှာဖြစ်တဲ့ သတိ) ကမ္မဋ္ဌာန်းတို့ကို ပွားများရပါမယ်။
ဒေါသအားကြီးတဲ့သူတွေက မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာဆိုတဲ့ လေးပါးနဲ့၊ ညို ရွှေ နီ ဖြူ လေးပါးသောအဆင်းဆိုတဲ့
ကသိုဏ်းလေးပါးတို့ကို ပွားများရပါမယ်။
မောဟထူပြောတဲ့သူတွေ၊ ၀ိတက်ထူပြောတဲ့သူတွေက အာနာပါနကို
ပွားများရပါမယ်။
သဒ္ဓါအားကောင်းတဲ့သူတွေက ဗုဒ္ဓါနုဿတိအစရှိတဲ့ (၆)ပါးသော
အနုဿတိတွေကို ပွားများရပါမယ်။
ဗုဒ္ဓိစရိုက်အားကောင်းတဲ့သူတွေက မရဏာနုဿတိ၊ ဥပသမာနုဿတိ၊
အာဟာရတို့မှာ စက်ဆုပ်ရွံရှာဖွယ်ဆိုတဲ့ အမှတ်သညာ၊ ဓာတ်လေးပါးကို
ပိုင်းခြားခြင်းတို့ကို ပွားများရပါမယ်။
ကျန်တဲ့ကမ္မဋ္ဌာန်းတွေကတော့ ဘယ်စရိုက်နဲ့မဆို သင့်လျော်ပါတယ်။
ဒီသမထကမ္မဋ္ဌာန်း(၄၀)ကို မိမိတို့မိမိတို့စရိုက်နဲ့ ကိုက်ညီတာကို
ပွားများနိုင်ပါတယ်။ အဲ့ဒီမိမိစရိုက်နဲ့ လျော်တဲ့ကမ္မဋ္ဌာန်းတွေဟာ
မိမိအမြဲအားထုတ်ပြီး ဆောင်ထားအပ်ပါတယ်။ အထက်ဖြစ်တဲ့ ဘာဝနာ
မဂ်ဖိုလ်တို့ကို ရရှိနိုင်တဲ့အတွက်ကြောင့် ပါရိဟာရိယ
ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။
ဒီကမ္မဋ္ဌာန်းတွေအပေါ်မှာ ရှု့မှတ်ပြီးရလာတဲ့ သမာဓိအားအပေါ်မှာ
အခြေပြုပြီး ရုပ်တရားနာမ်တရားတွေကို ၀ိပဿနာတင်ရှု့ရမှာ ဖြစ်ပါတယ်။
ဈာန်တရားအတွက် သမာဓိဟာ ပဓာနကျပါတယ်။ မဂ်တရားအတွက်
ဝိပဿနာဥာဏ်ဟာ အခရာပါပဲ။
ယောဂီပုဂ္ဂိုလ်သည် အာနာပါနဆိုတဲ့ ထွက်သက်ဝင်သက်တို့ကို
ရှု့မှတ်နေတဲ့အခါမှာ စိတ်ကို တည်ကြည်နေအောင် ကြိုးစားရှု့မှတ်ပါ။
နာခေါင်းနှစ်ဖက်ကို လေတိုးသွားတာလေးကို သိပေးပါ။
သမာဓိရလာတာနဲ့အမျှ အလိုလို သိပါလိမ့်မယ်။
ဝင်လေလေး အေးကနဲဖြစ်သွားတာလဲ သိပါလိမ့်မယ်။
ထွက်လေလေး နွေးကနဲဖြစ်သွားတာလဲ သိပါလိမ့်မယ်။
ခန္ဓဖြစ်စဉ်ကို လက်တွေ့သိမြင်အောင် ရှု့ပွားခြင်းကို
ဝိပဿနာနာရှု့တယ်လို့ ခေါ်ပါတယ်။
ခန္ဓာမှာ ဖြစ်ပျက်နေမှု့ကို မြင်တဲ့ဥာဏ်ကို ၀ိပဿနာဥာဏ်လို့ ခေါ်ပါတယ်။
ဝိပဿနာဥာဏ်ရင့်သန်လာရင် ၀ိပဿနာဥာဏ်ရဲ့ ကျေးဇူးပြုမှု့ကြောင့်
မဂ်ဥာဏ်ကြီးကို ရရှိခြင်း ဖြစ်ပါတယ်။
အရှု့ခံတရား ခန္ဓာ(၅)ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့
ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏန္ဓာ။
၁။ ရူပက္ခန္ဓာဆိုတာ - ဖောက်ပြန်ပျက်စီးတတ်သော
သဘောအစု ဖြစ်ပျက်မှု့။
၂။ ဝေဒနက္ခန္ဓာဆိုတာ - ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု့။
၃။ သညက္ခန္ဓာဆိုတာ - မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု့။
၎။ သင်္ခါရက္ခန္ဓာဆိုတာ - ပြုပြင်စေ့ဆော်တတ်သော
သဘောအစု ဖြစ်ပျက်မှု့၊။
၅။ ၀ိညာဏက္ခန္ဓာဆိုတာ - သိတတ်သော သဘောအစု ဖြစ်ပျက်မှု့။
(လင်္ကာ) ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဏ်၊ ငါးအင်ခန္ဓာမှတ်။
နိဗ္ဗာန်ရောက်ကြောင်းတရား မဂ္ဂင်ရှစ်ပါး ရှိပါတယ်။
အရှု့ဥာဏ်တရားလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊
(ပညာမဂ္ဂင်နှစ်ပါး)
သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ(သမာဓိမဂ္ဂင်သုံးပါး) ။
ဒီငါးပါးကို လောကီမဂ္ဂင်ငါးပါးလို့ ခေါ်ပါတယ်။
ဒီငါးပါးမှာ သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝ(သီလမဂ္ဂင်သုံးပါး) ကို
ထည့်ပေါင်းပြီး ပေါင်းရှစ်ပါးကိုတော့ လောကုတ္တရာ
မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါတယ်။
မိမိတို့တရားရှု့မှတ်သောအခါ လောကီမဂ္ဂင်ငါးပါးဖြင့်
ရှု့မှတ်ခြင်း ဖြစ်ပါတယ်။ သောတာပန်ဖြစ်လာမှ မဂ္ဂင်ရှစ်ပါးလုံး ပြည့်မှု့ကို
ရရှိပါတယ်။ မဂ္ဂင်ရှစ်ပါးလုံး ပြည့်မှု့ကို ရရှိဖို့ဆိုတာ ၀ိပဿနာဥာဏ်ကို
ရရှိဖို့ အရင်ဆုံး လိုအပ်ပါတယ်။
မပြီးဆုံးသေးပါ။ ဆက်ရေးပါဦးမည်။
BY-ASHIN SUMANGALA
လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ
လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ
*********************************
တရားဓမ္မတွင် စိတ်ပါဝင်စားရှိကြတဲ့ အမျိုးကောင်းသား
အမျိုးကောင်းသမီးများ လေ့လာဖတ်ရှု့နိုင်ပါတယ်။ တရားစခန်း မ၀င်ဖူးသူ၊
အားမထုတ်ဖူးသူများကိုသာ ရည်၇ွယ်ပါတယ်။
တရားမထိုင်မှီ ရှေးဦးစွာ ငါးပါးသီလကို
ဘုရားထံမှာ ဆောက်တည်ရပါမယ်။ (သီလလုံခြုံတော့ နောင်တတဖန်
ပူပန်ရတဲ့ ကုက္ကုစ္စတရား မဖြစ်ရတော့ပါဘူး။) ဘုရားဝတ်တက်၊ ပရိတ်၇ွတ်
(အချိန်ရလျှင်)၊ အမျှဝေ၊ မေတ္တာပို့ခြင်းများ ပြုပေးပါ။ တရားမထိုင်မှီ
ကြိုတင်၍ ပရိကံပြုခြင်း ဖြစ်ပါတယ်။ (ပရိကံ၏အဓိပ္ပာယ်မှာ ပရိ -
အသင့်ဖြစ်စေရန် ကြိုတင်၍ + ကမ္မ - ပြုပြင်တတ်သည် = ပရိကမ္မ။ ပရိကံ -
ကြိုတင်၍ ပြုပြင်တတ်သောဇော။)
ဒီနေရာမှာ ပြောချင်တာက တရားအားထုတ်တယ်ဆိုတော့ တချို့ကလဲ
နိဗ္ဗာန်လိုချင်မှ လိုချင်မှာပါ။ ဒီတော့ စိတ်ဓာတ်ခွန်အားကောင်းဖို့ပဲဖြစ်ဖြစ်၊
စိတ်ညစ်စရာတွေကို သည်းခံနိုင်စွမ်းရှိဖို့ပဲဖြစ်ဖြစ်၊ စိတ်တိုဒေါသကြီးပြီး
အမှားလုပ်တတ်တဲ့သူတွေ မိမိစိတ်မိမိ ထိန်းနိုင်အောင်ပဲဖြစ်ဖြစ်၊ တစ်ရက်မှာ
နာရီဝက်တစ်နာရီလေးပဲဆိုဆို အားထုတ်သင့်ပါတယ်။ ပျော်ရွင်မြူးတူးနေတဲ့
အချိန်ထဲက နာရီဝက်လေးပဲ ပေးလိုက်ပါ။ အဲ့ဒါ လူဖြစ်လာရတဲ့ဘ၀မှာ
မိမိရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်ပဲ ဖြစ်ပါတယ်။
မိမိတို့ဘ၀တလျောက်လုံးမှာ စားဝတ်နေရေး စည်းစိမ်ဥစ္စာ
သားမယားအစရှိသဖြင့် လိုချင်တပ်မက်တဲ့ လောဘတဏှာတွေနဲ့ပဲ
အသက်ရှင်လာခဲ့ကြတာပါ။ ဒီအတိုင်း ဒုံရင်းဒုံရင်းနဲ့ပဲ သေသွားခဲ့ရင်
လူဖြစ်ရတာ သိပ်ရှုံးပါတယ်။ ကုသိုလ်ပြုလိုခြင်း၊ ပေးကမ်းလိုခြင်း၊
တရာနာလိုခြင်း၊ တရားအားထုတ်လိုခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်အစစ်အမှန်ကို
ရလိုခြင်းဆိုတာတွေက ကုသိုလ်ဆန္ဒ ကောင်းမြတ်တဲ့
သမ္မာဆန္ဒတွေပဲ ဖြစ်ပါတယ်။
မဂ်လေးပါးမှာ
ဦးဆုံးဖြစ်တဲ့ သောတာပတ္တိမဂ်ဖိုလ်ကို ရောက်ကြောင်းအင်္ဂါ လေးပါး
ရှိပါတယ်။ (၁) သူတော်ကောင်းကို မှီဝဲရခြင်း၊ (၂) သူတော်ကောင်းတရားကို
ကြားနာရခြင်း၊ (၃)အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်း၊
(၄) လောကုတ္တရာတရားအားလျော်သော
အကျင့်ကိုကျင့်ခြင်းဆိုတဲ့ လေးပါးပါပဲ။
တရားအားထုတ်သူမှာ (၁) သဒ္ဓါတရား အားကောင်းရပါမယ်၊ (၂) ၀ီရိယ
အားကောင်းရပါမယ်၊ (၃) သတိမြဲမြံရပါမယ်၊ (၄)
သမာဓိအားကောင်းအောင် လေ့ကျင့်ပျိုးထောင်ရပါမယ်၊ (၅)
ပညာနဲ့ပြည့်စုံရပါမယ်။ ဗိုလ်ငါးပါးလို့ ခေါ်ပါတယ်။
မိမိရဲ့သမာဓိအားကို အနှောင့်အယှက်ပေးမယ့် ဥဒ္ဓစ္စ (စိတ်ပြန့်လွင့်ခြင်း)၊
ကုက္ကုစ္စ (ပြုမိခဲ့တဲ့ အကုသိုလ်တွေ မပြုမိတဲ့ကုသိုလ်တွေမှာ ပြန်စဉ်းစားပြီး
စိုးရိမ်ပူပန်ခြင်း)၊ ထိန (စိတ်ရဲ့ထိုင်းမှိုင်းခြင်း)၊ မိဒ္ဓ (စေတသိတ်တို့ရဲ့
ထိုင်းမှိုင်းခြင်း)၊ ကာမစ္ဆန္ဒ (ကာမဂုဏ်ကို လိုလားတောင့်တခြင်း)၊ အဘိဇ္ဈာ
(သူတပါးစည်းစိမ်ကို ရှေးရှု့ကြံခြင်း)၊ ဗျာပါဒ (သူတပါးစည်းစိမ်ကို
နှိပ်စက်ဖျက်စီးလိုခြင်း၊ မကောင်းကြံခြင်း)၊ ၀ိစိကိစ္ဆာ (စိတ်နှစ်ခွ ဒွဟဖြစ်
သံသယမကင်း တွေးတောခြင်း) ဆိုတဲ့ နီဝရဏတရားတွေကိုလဲ
မဖြစ်စေရပါဘူး။
ဘယ်လိုတရားအားထုတ်ရမှာလဲဆိုတော့ မိမိရဲ့စိတ်ကလေးကို နှာသီးဝမှာ
ထားပါ။ စိတ်ကိုဘယ်ကိုမှ မလွင့်ပါးစေပဲနဲ့ လေကလေး ၀င်သွားတာလဲ
သိပေးပါ။ ထွက်သွားတာလဲ သိပေးပါ။ ဒီလိုဝင်လေထွက်လေကို ရှု့မှတ်လို့
သမာဓိမရနိုင် ဖြစ်နေရင် (သမာဓိရနိုင်ရင်တော့ ၀င်လေထွက်လေကိုပဲ
ဆက်ရှု့မှတ်ရပါမယ်) ဘုရားဂုဏ်တော်ကိုးပါးကို အသံမထွက်စေပဲ
စိတ်ထဲမှာ ရွတ်နေပေးပါ။
ဘုရားဂုဏ်တော်ကိုးပါးကို တရားထိုင်မှ မဟုတ်ပါဘူး။ မိမိတို့
သွားရင်းလာရင်း၊ အလုပ်လုပ်နေရင်းနဲ့လဲ အာရုံပြုနေနိုင်ပါတယ်။ ပါးစပ်က
ရွတ်နေမှမဟုတ်ပါဘူး။ စိတ်ထဲမှာတင် အာရုံပြုနေလို့ရပါတယ်။
မိမိတကိုယ်လုံးကို ဘုရားဂုဏ်တော်တွေ လွမ်းခြုံထားလို့
မိမိခန္ဓာအိမ်ဟာ စေတီအိမ် ထိုက်ပါတယ်။ မိမိမှာ အရှိန်အ၀ါ
အစွမ်းသတ္တိတစ်မျိုး ရှိသလိုပါပဲ။ အင်မတန်ဘေးကင်းပြီး
အမှု့ကိစ္စတွေကို အောင်မြင်နိုင်စွမ်း ရှိပါတယ်။
ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မိမိဥာဏ်နဲ့ သက်ဝင်ယုံကြည်ပြီးတော့
အမှန်အတိုင်း သိပြီးလို့ဖြစ်ပေါ်လာတဲ့ ကြည်လင်ခြင်း ယုံကြည်ခြင်းကို
အဝေစ္စပသာဒလို့ ခေါ်ပါတယ်။ အရိယာမဂ်သဒ္ဓါတရားနဲ့တူတဲ့
သဒ္ဓါတရားဟာလဲ အဝေစ္စပသာဒပါပဲ။ အဲ့ဒီသဒ္ဓါတရားဟာ
မိစ္ဆာအယူလေတွေ တိုက်ခတ်လို့ လှုပ်ရှားခြင်း မရှိပါဘူး။ တုန်လှုပ်ခြင်း
မရှိပါဘူး။ အဲ့ဒီသဒ္ဓါတရား အဝေစ္စပသာဒနဲ့ ပြည့်စုံတဲ့သူကို
ဗုဒ္ဓါနုဿတိဘာဝနာဟာ ပြီးပြည့်စုံစေတတ်ပါတယ်။ တခြားပုဂ္ဂိုလ်ကို မပြီးစီး
မပြည့်စုံစေနိုင်ပါဘူး။ ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုနေလို့
သမာဓိအားရလာရင်
ဝင်လေထွက်လေကိုပဲ ပြောင်းပြီးရှု့မှတ်ရပါမယ်။
မပြီးဆုံးသေးပါ။ ဆက်ရေးပါဦးမည်။
BY-ASHIN SUMANGALA
Tuesday 17 December 2013
နိရောဓသမာပတ်နှင့် နိဗ္ဗာန်
နိရောဓသမာပတ်သည် သင်္ခတတရား ဖြစ်ပါသလား။
နိဗ္ဗာန်ဆိုတာ ဘာပါလဲ။
ဘုရားသာသနာတော်တွင် အကျင့်မြတ်ကို အဘယ်အကျိုးငှာ 
ကျင့်သုံးကြပါသလဲ။
နိရောဓသမာပတ်သည် သင်္ခတတရားလားဆိုတဲ့ မေးခွန်းမှာ 
နိရောဓသမာပတ်ကို သင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။
 အသင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။ 
သင်္ခတတရားဆိုတာက ပြုအပ်ပြင်အပ်တဲ့တရား၊
 ပြုသလိုပြင်သလို ဖြစ်မယ့်သဘောကို ဆိုလိုပါတယ်။ 
ဥပမာပေးရရင် မြေပဲစေ့ထဲမှာ မြေပဲပေါက်မယ့်သဘောဟာ 
ရှိပါတယ်။ ရေမြေနဲ့သာ ထိရရင် မြေပဲပင်ပေါက်လာပါမယ်။ 
မီးနဲ့လှော် ရေနွေးနဲ့ပြုတ်ရင်တော့ မပေါက်တော့ပါဘူး။ အဲ့ဒီမြေပဲစေ့ထဲမှာ
 ကိန်းပြီးရှိနေတဲ့ မြေပဲပင်ပေါက်မယ့်သဘောဟာ သင်္ခတတရားပါပဲ။ 
နိရောဓသမာပတ်  ၀င်စားတယ်ဆိုတာကတော့ ဈာန်(၈)ပါးကို
 အစဉ်အတိုင်းဝင်စားပြီး နာမ်တရားတွေ အကုန်ချုပ်ငြိမ်းကာ
 ငြိမ်းအေးမှု့သက်သက်ဖြင့် နေခြင်းကို ဆိုပါတယ်။ (နိ - မရှိ + ရောဓ 
-  ထောင် = နိရောဓ - ဒုက္ခထောင်မရှိ။)
ဒါ့အပြင် နိရောဓသမာပတ်ကို လောကီတရားလို့လဲ 
မဆိုအပ်ပါဘူး။ လောကုတ္တရာတရားလို့လဲ မဆိုအပ်ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ ပရမတ္ထတရားအားဖြင့် 
ထင်ရှားမရှိတဲ့အတွက် ဖြစ်ပါတယ်။ (ပရမတ္ထတရားတွေကတော့ 
စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ဖြစ်ပါတယ်။ နိရောဓသမာပတ်သည် 
ပရမတ္ထတရားတွင် မပါဝင်ပါ။)
နိရောဓသမာပတ်မှ ထပြီးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ  အသင်္ခတဓာတ် နိဗ္ဗာန်ကို 
ညွတ်ပါတယ်။ တဏှာမှလွတ်မြောက်ရာဖြစ်လို့ နိဗ္ဗာန်ခေါ်ပါတယ်။ 
နာမ်တရားရုပ်တရားတွေမှာ ဥပါဒ၊်ဌီ၊ဘင်လို့ခေါ်တဲ့ ဖြစ်၊တည်၊ပျက် မရှိပဲ 
ချုပ်ငြိမ်းသွားတာကို နိဗ္ဗာန် ခေါ်ပါတယ်။ 
ဒါ့အပြင် နိဗ္ဗာန်ဆိုတာ မဂ်ဖိုလ်ပစ္စဝေက္ခဏာတို့ဖြင့် သိရရုံမျှသာ ဖြစ်ပါတယ်။
 ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ အဲ့ဒီနိဗ္ဗာန်ကို ရောက်သွားတာလဲ မဟုတ်ပါဘူး။ 
၎င်းရဲ့အရသာကို ခံစားရတာလဲ မဟုတ်ပါဘူး။ ဒါ့အပြင်
 သဥပါဒိသေသနိဗ္ဗာန်နဲ့ 
အနုပါဒိသေသနိဗ္ဗာန် နှစ်မျိုးရှိပါတယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှာ 
လက်ရှိခန္ဓာကြီး ရှိနေသေးတဲ့အတွက် 
သဥပါဒိသေသနိဗ္ဗာန် ခေါ်ပါတယ်။ 
ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ နောက်ထပ်ခန္ဓာပြန်မရတော့တဲ့ 
ခန္ဓာအကြွင်းမရှိတဲ့ နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ 
စင်စစ်လိုအပ်တာကတော့ တစ်သံသရာလုံးမှာ အကြောင်းအကျိုး 
ဆက်စပ်ပြီးတော့ မပြတ်ဖြစ်နေတဲ့ ကံ ကိလေသာ ၀ိပါက် ခန္ဓာတို့ရဲ့ 
ချုပ်ငြိမ်းမှု့ပဲ ဖြစ်ပါတယ်။ အဲ့ဒီချုပ်ငြိမ်းမှု့အတွက်သာ 
ဗုဒ္ဓသာသနာတော်မှာ ဗြဟ္မစရိယလို့ခေါ်တဲ့ အကျင့်မြတ်ကို 
ကျင့်သုံးကြခြင်း ဖြစ်ပါတယ်။ 
ဒါကြောင့်မို့ ဘုရားအထံမှာ အကျင့်မြတ်ကို အဘယ်အကျိုးငှာ 
ကျင့်ပါသလဲဆိုတဲ့ အမေးကို အနုပါဒါ ပရိနိဗ္ဗာနတံ - အစွဲအလန်း 
အကြောင်းကင်းပြီး အပြီးတိုင် ငြိမ်းခြင်းအကျိုးငှာ ကျင့်တယ်လို့ 
အရှင်ပုဏ္ဏစတဲ့ မထေရ်မြတ်တို့က ဖြေကြားတော်မူကြပါတယ်။ 
BY – ASHIN SUMANGALA
နိရောဓသမာပတ်နှင့် နိဗ္ဗာန်
နိရောဓသမာပတ်သည် သင်္ခတတရား ဖြစ်ပါသလား။
နိဗ္ဗာန်ဆိုတာ ဘာပါလဲ။
ဘုရားသာသနာတော်တွင် အကျင့်မြတ်ကို အဘယ်အကျိုးငှာ 
ကျင့်သုံးကြပါသလဲ။
နိရောဓသမာပတ်သည် သင်္ခတတရားလားဆိုတဲ့ မေးခွန်းမှာ 
နိရောဓသမာပတ်ကို သင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။
 အသင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။ 
သင်္ခတတရားဆိုတာက ပြုအပ်ပြင်အပ်တဲ့တရား၊
 ပြုသလိုပြင်သလို ဖြစ်မယ့်သဘောကို ဆိုလိုပါတယ်။ 
ဥပမာပေးရရင် မြေပဲစေ့ထဲမှာ မြေပဲပေါက်မယ့်သဘောဟာ 
ရှိပါတယ်။ ရေမြေနဲ့သာ ထိရရင် မြေပဲပင်ပေါက်လာပါမယ်။ 
မီးနဲ့လှော် ရေနွေးနဲ့ပြုတ်ရင်တော့ မပေါက်တော့ပါဘူး။ အဲ့ဒီမြေပဲစေ့ထဲမှာ
 ကိန်းပြီးရှိနေတဲ့ မြေပဲပင်ပေါက်မယ့်သဘောဟာ သင်္ခတတရားပါပဲ။ 
နိရောဓသမာပတ်  ၀င်စားတယ်ဆိုတာကတော့ ဈာန်(၈)ပါးကို
 အစဉ်အတိုင်းဝင်စားပြီး နာမ်တရားတွေ အကုန်ချုပ်ငြိမ်းကာ
 ငြိမ်းအေးမှု့သက်သက်ဖြင့် နေခြင်းကို ဆိုပါတယ်။ (နိ - မရှိ + ရောဓ 
-  ထောင် = နိရောဓ - ဒုက္ခထောင်မရှိ။)
ဒါ့အပြင် နိရောဓသမာပတ်ကို လောကီတရားလို့လဲ 
မဆိုအပ်ပါဘူး။ လောကုတ္တရာတရားလို့လဲ မဆိုအပ်ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ ပရမတ္ထတရားအားဖြင့် 
ထင်ရှားမရှိတဲ့အတွက် ဖြစ်ပါတယ်။ (ပရမတ္ထတရားတွေကတော့ 
စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ဖြစ်ပါတယ်။ နိရောဓသမာပတ်သည် 
ပရမတ္ထတရားတွင် မပါဝင်ပါ။)
နိရောဓသမာပတ်မှ ထပြီးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ  အသင်္ခတဓာတ် နိဗ္ဗာန်ကို 
ညွတ်ပါတယ်။ တဏှာမှလွတ်မြောက်ရာဖြစ်လို့ နိဗ္ဗာန်ခေါ်ပါတယ်။ 
နာမ်တရားရုပ်တရားတွေမှာ ဥပါဒ၊်ဌီ၊ဘင်လို့ခေါ်တဲ့ ဖြစ်၊တည်၊ပျက် မရှိပဲ 
ချုပ်ငြိမ်းသွားတာကို နိဗ္ဗာန် ခေါ်ပါတယ်။ 
ဒါ့အပြင် နိဗ္ဗာန်ဆိုတာ မဂ်ဖိုလ်ပစ္စဝေက္ခဏာတို့ဖြင့် သိရရုံမျှသာ ဖြစ်ပါတယ်။
 ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ အဲ့ဒီနိဗ္ဗာန်ကို ရောက်သွားတာလဲ မဟုတ်ပါဘူး။ 
၎င်းရဲ့အရသာကို ခံစားရတာလဲ မဟုတ်ပါဘူး။ ဒါ့အပြင်
 သဥပါဒိသေသနိဗ္ဗာန်နဲ့ 
အနုပါဒိသေသနိဗ္ဗာန် နှစ်မျိုးရှိပါတယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှာ 
လက်ရှိခန္ဓာကြီး ရှိနေသေးတဲ့အတွက် 
သဥပါဒိသေသနိဗ္ဗာန် ခေါ်ပါတယ်။ 
ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ နောက်ထပ်ခန္ဓာပြန်မရတော့တဲ့ 
ခန္ဓာအကြွင်းမရှိတဲ့ နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ 
စင်စစ်လိုအပ်တာကတော့ တစ်သံသရာလုံးမှာ အကြောင်းအကျိုး 
ဆက်စပ်ပြီးတော့ မပြတ်ဖြစ်နေတဲ့ ကံ ကိလေသာ ၀ိပါက် ခန္ဓာတို့ရဲ့ 
ချုပ်ငြိမ်းမှု့ပဲ ဖြစ်ပါတယ်။ အဲ့ဒီချုပ်ငြိမ်းမှု့အတွက်သာ 
ဗုဒ္ဓသာသနာတော်မှာ ဗြဟ္မစရိယလို့ခေါ်တဲ့ အကျင့်မြတ်ကို 
ကျင့်သုံးကြခြင်း ဖြစ်ပါတယ်။ 
ဒါကြောင့်မို့ ဘုရားအထံမှာ အကျင့်မြတ်ကို အဘယ်အကျိုးငှာ 
ကျင့်ပါသလဲဆိုတဲ့ အမေးကို အနုပါဒါ ပရိနိဗ္ဗာနတံ - အစွဲအလန်း 
အကြောင်းကင်းပြီး အပြီးတိုင် ငြိမ်းခြင်းအကျိုးငှာ ကျင့်တယ်လို့ 
အရှင်ပုဏ္ဏစတဲ့ မထေရ်မြတ်တို့က ဖြေကြားတော်မူကြပါတယ်။ 
BY – ASHIN SUMANGALA