Tuesday 10 December 2013

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ ။(၂)အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။



ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။

ဒကာကြီးတစ်ယောက်က ဧကတ္တနည်းအစရှိသော

နည်းလေးပါးကို မေးလာပါသဖြင့် နှစ်ပိုင်းခွဲပြီး ဖြေဆိုရေးသားလိုက်ပါတယ်။

တရားဓမ္မ စိတ်ပါဝင်စားသူများ ဖတ်ရှု့လေ့လာနိုင်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ကံသင်္ခါရတွေဖြစ်အောင် ပြုလုပ်မယ်လို့

အ၀ိဇ္ဇာမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။

သတ္တ၀ါတွေ သေပြီးတဲ့နောက်မှာ အမိဝမ်းတွင်းထဲမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင်လဲ ပြုလုပ်မယ်လို့

ကံသင်္ခါရတွေမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။ အဲ့ဒီလို

ယူဆတဲ့နည်းကို

အဗျာပါရနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့က အပင်ပေါက်ပေမယ့်

အပင်ပေါက်အောင်ဟဲ့လို့ အစေ့မှာ အားထုတ်မှု့ဗျာပါရ မရှိပါဘူး။

အဲ့ဒီနည်းကို အဗျာပါရနည်းလို့ ခေါ်ပါတယ်။ အ၀ိဇ္ဇာ ကံသင်္ခါရတွေမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင် ကြောင့်ကြစိုက်မှု့ဗျာပါရမရှိပေမယ့်

အ၀ိဇ္ဇာကြောင့် ကံသင်္ခါရဖြစ်တယ်၊ ကံသင်္ခါရကြောင့်

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်လာတယ်လို့ သိရတဲ့နည်းကို

ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့မှာ အားထုတ်မှု့ဗျာပါရ

မရှိပေမယ့်လဲ သရက်စေ့ဟာ ရေမြေနှစ်ပါးနှင့် ထိတွေ့ရင် အပင်ပေါက်ပြီး

လာပါတယ်။ အဲ့ဒါ ဧ၀ံဓမ္မတာနည်းပဲ ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေက

ဥပမာတွေဖြစ်ပါတယ်။ တကယ်ဆင်ခြင်ရမယ့် တ၇ားကတော့ မျက်လုံးဟာ

ရုပ်လားနာမ်လားဆိုရင် မျက်လုံးကရုပ် မြင်သိစိတ်က နာမ်သဘော၊

တခြားစီဖြစ်နေတဲ့အတွက်ကြောင့်မို့ နာနတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးဟာ မြင်စိတ်မဟုတ်ပေမယ့် မျက်လုံးမရှိပဲနဲ့မမြင်နိုင်၊

မျက်လုံးရှိမှသာ မြင်စိတ်ဖြစ်နိုင်တာမို့တစ်ခုထဲလို ယူတဲ့နည်းကို

ဧကတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးကြောင့်မို့ မြင်စိတ်ဖြစ်ပေမယ့် မြင်အောင်ဟဲ့လို့ အားထုတ်မှု့ဗျာပါရ

မျက်လုံးမှာ မရှိပါဘူး။ အဲ့ဒါ အဗျာပါရနည်း ဖြစ်ပါတယ်။ ကြောင့်ကြစိုက်မှု့

မျက်လုံးမှာ မရှိပေမယ့် မျက်စိနဲ့ရူပါရုံ ပေါင်းဆုံမိရင် မြင်စိတ်ဖြစ်လာတာမို့

အဲ့ဒါကို ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဒီနည်းလေးပါးကို

သမာဓိအားကောင်းကောင်းဖြင့်

ဆင်ခြင်သုံးသပ်လို့ ဥာဏ်အမြင်ရှင်းသွားရင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတွေ

ကင်းကွာနိုင်ပါမယ်။

BY - ASHIN SUMANGALA

No comments:

Post a Comment