Friday 29 November 2013

မောဟဟူသည် အဘယ်နည်း။



မောဟဟူသည် အဘယ်နည်း။

လူတို့သည် လောဘနှင့်ဒေါသကို ထင်ရှားသောကြောင့် တွေးဆသိကြ၏။ မောဟကို မသိသဖြင့် ရှင်းပြရန် ပြောဖူးကြသည်။ မောဟဟူသည် တွေဝေတတ်၏။ အမှန်ကိုမသိဘဲနှင့် အမှားကိုသာ သိတတ်သောသဘောသည် မောဟဖြစ်သည်။

မောဟကြောင့်ပဲ စိတ်မှာဥာဏ်အမြင်တွေ ကန်းနေကြတယ်။ အမှန်ကို မသိနိုင်ကြဘူး။ ဥပမာ- နှစ်သက်ဖွယ်မဟုတ်သော ခန္ဓာကြီးကို စက်စုပ်ဖွယ်ရာဖြစ်ပါလျက်နှင့် နှစ်သက်ဖွယ်ရာကောင်းတယ်လို့မသိသူတွေက ပြောကြတယ်။ ကျင်ကြီးကျင်ငယ်စတဲ့ အပုပ်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကို ပညာမျက်စိနဲ့မမြင်နိုင်တော့ လှပါတယ် ချောတယ်လို့ သတ်မှတ်ပြောဆိုကြတယ်။

အမှန်အတိုင်း အရှိတရားအတိုင်းကို ထိုးထွင်းပြီးတော့ မသိနိုင်တော့ဘူး။ အဲ့လိုမသိအောင် အာရုံရဲ့သဘောအမှန်ကို မောဟက ဖုံးကွယ်ထားတယ်။ မောဟကြောင့်ပဲ သတ္တ၀ါတွေဟာ တစ်သံသရာလုံး ဥာဏ်အမြင်တွေ ပိတ်ဖုံးပြီးတော့ အမှားတွေကြီးပဲ မြင်ကြတယ်။ မသင့်မတော်တာတွေကို တွေးတယ်၊ ကြံတယ်၊ ပြောဆိုတယ်၊ ပြုလုပ်ကြတယ်။ ဒါကြောင့် မောဟဆိုတာ အကုသိုလ်အားလုံးတို့ရဲ့ မူလအရင်းအမြစ်ကြီးပါ။

မောဟဆိုတာ တွေဝေတာ၊ ဘယ်လိုတွေဝေတာလဲ။ မိန်းမောတွေဝေနေတာလားဆိုတော့ မဟုတ်ပါဘူး။ တွေဝေတယ်ဆိုတာ အမှန်အတိုင်းမသိတာကို ဆိုလိုတာပါ။ အနိစ္စအစရှိတဲ့ သဘောအမှန်ကို နိစ္စမြဲတယ်လို့ အလွဲအမှားကိုသိသလိုမျိုး ပကတိသိနေကြအတိုင်း သိနေတာတွေဟာ မောဟရဲ့အစွမ်းတွေဖြစ်ပါတယ်။ ပုထုဇဉ်တွေအားလုံး အနိစ္စ ဒုက္ခ အနတ္တတို့ကို ပကတိသိနေကြအတိုင်း နိစ္စ သုခ အတ္တ၊ မြဲတယ် ချမ်းသာတယ် အစိုးရတယ်လို့ မှားယွင်းစွာ သိနေကြတာဟာ မောဟပဲဖြစ်ပါတယ်။

BY-ASHIN SUMANGALA

1 comment: