Thursday 19 December 2013

လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ အပိုင်း(၂)



Sumangalaramashweeainsi Meditation Center

လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ အပိုင်း(၂)
***************************************

မိမိစိတ်ကို ၀င်လေထွက်လေအပေါ် ထားရှိလိုက်ပြီဆိုလျှင်

စိတ်ကိုမပျံ့လွင့်စေပဲ တစ်ခုတည်းသော အာရုံအပေါ်မှာ

တည်ကြည်နေနိုင်အောင် ကြိုးစားရှု့မှတ်ပါ။ ၀င်လေထွက်လေကို

ရှု့မှတ်ခြင်းဆိုတာ အာနာပါန ကမ္မဋ္ဌာန်းပွားများခြင်း ဖြစ်ပါတယ်။


မြတ်စွာဘုရားရှင်တို့သည် ဒီအာနာပါနကမ္မဋ္ဌာန်းကို ၀ိပဿနာ

ရှု့ပွားတော်မူကြပြီးပဲ မဂ်လေးဆင့်ဖိုလ်လေးဆင့်ကို ရရှိပြီး

ဘုရားဖြစ်တော်မူကြပါတယ်။ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးသ

ည်လဲ ဒီအာနာပါနကမ္မဋ္ဌာန်းကို ၂၄နာရီပတ်လုံး ရှု့ပွားတော်မူပြီး

ဒကာဒကာမအပေါင်းတို့အားလဲ ၂၄နာရီပတ်လုံး ဆောင်ထားကြရန်

တိုက်တွန်းတော်မူပါတယ်။


တိဟိတ်ပုဂ္ဂိုလ်လို ဥာဏ်ကြီးမားတဲ့သူတွေအတွက် နိဗ္ဗာန်ဆိုတာ

လက်တကမ်းမှာ ရှိပါတယ်။ ဘယ်လိုဥာဏ်ကြီးတဲ့သူတွေလဲဆိုတော့

ပဋိသန္ဓေပညာနဲ့ ပြည့်စုံတဲ့သူကို ဆိုလိုပါတယ်။ အမိဝမ်းတွင်းမှာ

ပဋိသန္ဓေ၀င်စားတဲ့အခါ အရင်ဦးဆုံး ပဋိသန္ဓေ၀ိဥာဏ်စိတ်နဲ့

ကလလရေကြည် တည်ပါတယ်။ ပဋိသန္ဓေ၀ိဥာဏ်စိတ်ဆိုတာက

ဘာလဲဆိုတော့ မိမိတို့အတိတ်ဘ၀ကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်

ဒီဘ၀မှာ ဖြစ်လာတဲ့ ကံရဲ့အကျိုးဝိပါက်စိတ်ကို

ပဋိသန္ဓေ၀ိဥာဏ်စိတ်လို့ ခေါ်ပါတယ်။


အဲ့ဒီစိတ်နဲ့ ယှဉ်တွဲပြီးတော့ အလောဘ အဒေါသ အမောဟဆိုတဲ့

ဟိတ်သုံးပါးပါလာရင် အဲ့ဒီပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

ပဋိသန္ဓေ၀င်စားစဉ် အခါမှာပဲ အမောဟခေါ်တဲ့

ပညာပါလာတဲ့အတွက်ကြောင့်မို့ အဲ့ဒီပုဂ္ဂိုလ်ကို ပညာရှိလို့လဲ ခေါ်ပါတယ်။

တိဟိတ်ပုဂ္ဂိုလ်လို့လဲ ခေါ်ပါတယ်။


ဝေနေယျတွေကလဲ -

ဥဂ္ဃါဋိတညူပုဂ္ဂိုလ် (အကျဉ်းကို နှစ်သက်သူ)၊

ဝိပဥ္စိတညူပုဂ္ဂိုလ် (မကျဉ်းမကျယ်ကို နှစ်သက်သူ)၊

အကျယ်ကိုနှစ်သက်သူ (နေယျပုဂ္ဂိုလ်)

ဆိုပြီး ဝေနေယျ သုံးမျိုးသုံးစား ရှိပါတယ်။


ကမ္မဋ္ဌာန်းမှာလဲ အရာခပ်သိမ်းမှာ အလိုရှိအပ်တဲ့ သဗ္ဗတ္ထကကမ္မဋ္ဌာန်း၊

အမြဲဆောင်ထားအပ်တဲ့ ပါရိဟာရိယကမ္မဋ္ဌာန်းဆိုပြီး

(၂)မျိုးရှိပါတယ်။ မေတ္တာဘာဝနာပွားများခြင်း၊ မရဏာနုဿတိ ပွားများခြင်း၊

အသုဘသညာတို့ကို သဗ္ဗတ္ထကကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။

ဗုဒ္ဓါနုဿတိကိုလဲ သဗ္ဗတ္ထကကမ္မဋ္ဌာန်းလို့ ဆိုသင့်ပါတယ်။


ကမ္မဋ္ဌာန်း(၄၀)မှာ ယောဂီရဲ့စရိုက်နဲ့လျော်တဲ့ ကမ္မဋ္ဌာန်းဆိုတာ ရှိပါတယ်။

ဒီတော့ မိမိစရိုက်ကို သိရှိဝေဖန်နိုင်ဖို့ စရိုက်(၆)ပါးကို ပြဆိုပါ့မယ်။

ရာဂစရိုက် (ရာဂထူပြောခြင်း)၊

ဒေါသစရိုက် (ဒေါသများခြင်း)၊

မောဟစရိုက် (မောဟအားကြီးခြင်း)၊

သဒ္ဓါစရိုက် (သဒ္ဓါအားကောင်းခြင်း)၊

ဗုဒ္ဓိစရိုက် (ပညာအားကောင်းခြင်း)၊

ဝိတက်စရိုက် (ကြံစည်သုံးသပ်မှု့များခြင်း)

ဆိုပြီး စရိုက်(၆)ပါး ရှိပါတယ်။


ရာဂများတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း၊ ကာယဂတာသတိ (ဆံပင်အစရှိတဲ့

ကိုယ်ခန္ဓာမှာဖြစ်တဲ့ သတိ) ကမ္မဋ္ဌာန်းတို့ကို ပွားများရပါမယ်။


ဒေါသအားကြီးတဲ့သူတွေက မေတ္တာ ကရုဏာ မုဒိတာ

ဥပေက္ခာဆိုတဲ့ လေးပါးနဲ့၊ ညို ရွှေ နီ ဖြူ လေးပါးသောအဆင်းဆိုတဲ့

ကသိုဏ်းလေးပါးတို့ကို ပွားများရပါမယ်။


မောဟထူပြောတဲ့သူတွေ၊ ၀ိတက်ထူပြောတဲ့သူတွေက အာနာပါနကို

ပွားများရပါမယ်။


သဒ္ဓါအားကောင်းတဲ့သူတွေက ဗုဒ္ဓါနုဿတိအစရှိတဲ့ (၆)ပါးသော

အနုဿတိတွေကို ပွားများရပါမယ်။


ဗုဒ္ဓိစရိုက်အားကောင်းတဲ့သူတွေက မရဏာနုဿတိ၊ ဥပသမာနုဿတိ၊

အာဟာရတို့မှာ စက်ဆုပ်ရွံရှာဖွယ်ဆိုတဲ့ အမှတ်သညာ၊ ဓာတ်လေးပါးကို

ပိုင်းခြားခြင်းတို့ကို ပွားများရပါမယ်။


ကျန်တဲ့ကမ္မဋ္ဌာန်းတွေကတော့ ဘယ်စရိုက်နဲ့မဆို သင့်လျော်ပါတယ်။


ဒီသမထကမ္မဋ္ဌာန်း(၄၀)ကို မိမိတို့မိမိတို့စရိုက်နဲ့ ကိုက်ညီတာကို

ပွားများနိုင်ပါတယ်။ အဲ့ဒီမိမိစရိုက်နဲ့ လျော်တဲ့ကမ္မဋ္ဌာန်းတွေဟာ

မိမိအမြဲအားထုတ်ပြီး ဆောင်ထားအပ်ပါတယ်။ အထက်ဖြစ်တဲ့ ဘာဝနာ

မဂ်ဖိုလ်တို့ကို ရရှိနိုင်တဲ့အတွက်ကြောင့် ပါရိဟာရိယ

ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။


ဒီကမ္မဋ္ဌာန်းတွေအပေါ်မှာ ရှု့မှတ်ပြီးရလာတဲ့ သမာဓိအားအပေါ်မှာ

အခြေပြုပြီး ရုပ်တရားနာမ်တရားတွေကို ၀ိပဿနာတင်ရှု့ရမှာ ဖြစ်ပါတယ်။

ဈာန်တရားအတွက် သမာဓိဟာ ပဓာနကျပါတယ်။ မဂ်တရားအတွက်

ဝိပဿနာဥာဏ်ဟာ အခရာပါပဲ။


ယောဂီပုဂ္ဂိုလ်သည် အာနာပါနဆိုတဲ့ ထွက်သက်ဝင်သက်တို့ကို

ရှု့မှတ်နေတဲ့အခါမှာ စိတ်ကို တည်ကြည်နေအောင် ကြိုးစားရှု့မှတ်ပါ။

နာခေါင်းနှစ်ဖက်ကို လေတိုးသွားတာလေးကို သိပေးပါ။

သမာဓိရလာတာနဲ့အမျှ အလိုလို သိပါလိမ့်မယ်။

ဝင်လေလေး အေးကနဲဖြစ်သွားတာလဲ သိပါလိမ့်မယ်။

ထွက်လေလေး နွေးကနဲဖြစ်သွားတာလဲ သိပါလိမ့်မယ်။


ခန္ဓဖြစ်စဉ်ကို လက်တွေ့သိမြင်အောင် ရှု့ပွားခြင်းကို

ဝိပဿနာနာရှု့တယ်လို့ ခေါ်ပါတယ်။

ခန္ဓာမှာ ဖြစ်ပျက်နေမှု့ကို မြင်တဲ့ဥာဏ်ကို ၀ိပဿနာဥာဏ်လို့ ခေါ်ပါတယ်။

ဝိပဿနာဥာဏ်ရင့်သန်လာရင် ၀ိပဿနာဥာဏ်ရဲ့ ကျေးဇူးပြုမှု့ကြောင့်

မဂ်ဥာဏ်ကြီးကို ရရှိခြင်း ဖြစ်ပါတယ်။


အရှု့ခံတရား ခန္ဓာ(၅)ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့

ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏန္ဓာ။


၁။ ရူပက္ခန္ဓာဆိုတာ - ဖောက်ပြန်ပျက်စီးတတ်သော

သဘောအစု ဖြစ်ပျက်မှု့။

၂။ ဝေဒနက္ခန္ဓာဆိုတာ - ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု့။

၃။ သညက္ခန္ဓာဆိုတာ - မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု့။

၎။ သင်္ခါရက္ခန္ဓာဆိုတာ - ပြုပြင်စေ့ဆော်တတ်သော

သဘောအစု ဖြစ်ပျက်မှု့၊။

၅။ ၀ိညာဏက္ခန္ဓာဆိုတာ - သိတတ်သော သဘောအစု ဖြစ်ပျက်မှု့။

(လင်္ကာ) ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဏ်၊ ငါးအင်ခန္ဓာမှတ်။


နိဗ္ဗာန်ရောက်ကြောင်းတရား မဂ္ဂင်ရှစ်ပါး ရှိပါတယ်။

အရှု့ဥာဏ်တရားလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊

(ပညာမဂ္ဂင်နှစ်ပါး)

သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ(သမာဓိမဂ္ဂင်သုံးပါး) ။

ဒီငါးပါးကို လောကီမဂ္ဂင်ငါးပါးလို့ ခေါ်ပါတယ်။


ဒီငါးပါးမှာ သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝ(သီလမဂ္ဂင်သုံးပါး) ကို

ထည့်ပေါင်းပြီး ပေါင်းရှစ်ပါးကိုတော့ လောကုတ္တရာ

မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါတယ်။


မိမိတို့တရားရှု့မှတ်သောအခါ လောကီမဂ္ဂင်ငါးပါးဖြင့်

ရှု့မှတ်ခြင်း ဖြစ်ပါတယ်။ သောတာပန်ဖြစ်လာမှ မဂ္ဂင်ရှစ်ပါးလုံး ပြည့်မှု့ကို

ရရှိပါတယ်။ မဂ္ဂင်ရှစ်ပါးလုံး ပြည့်မှု့ကို ရရှိဖို့ဆိုတာ ၀ိပဿနာဥာဏ်ကို

ရရှိဖို့ အရင်ဆုံး လိုအပ်ပါတယ်။


မပြီးဆုံးသေးပါ။ ဆက်ရေးပါဦးမည်။


BY-ASHIN SUMANGALA

No comments:

Post a Comment