Thursday, 19 December 2013

လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ

လက်တွေ့တရားအားထုတ်ရာတွင် သိသင့်သည်များ
*********************************

တရားဓမ္မတွင် စိတ်ပါဝင်စားရှိကြတဲ့ အမျိုးကောင်းသား

အမျိုးကောင်းသမီးများ လေ့လာဖတ်ရှု့နိုင်ပါတယ်။ တရားစခန်း မ၀င်ဖူးသူ၊

အားမထုတ်ဖူးသူများကိုသာ ရည်၇ွယ်ပါတယ်။

တရားမထိုင်မှီ ရှေးဦးစွာ ငါးပါးသီလကို

ဘုရားထံမှာ ဆောက်တည်ရပါမယ်။ (သီလလုံခြုံတော့ နောင်တတဖန်

ပူပန်ရတဲ့ ကုက္ကုစ္စတရား မဖြစ်ရတော့ပါဘူး။) ဘုရားဝတ်တက်၊ ပရိတ်၇ွတ်

(အချိန်ရလျှင်)၊ အမျှဝေ၊ မေတ္တာပို့ခြင်းများ ပြုပေးပါ။ တရားမထိုင်မှီ

ကြိုတင်၍ ပရိကံပြုခြင်း ဖြစ်ပါတယ်။ (ပရိကံ၏အဓိပ္ပာယ်မှာ ပရိ -

အသင့်ဖြစ်စေရန် ကြိုတင်၍ + ကမ္မ - ပြုပြင်တတ်သည် = ပရိကမ္မ။ ပရိကံ -

ကြိုတင်၍ ပြုပြင်တတ်သောဇော။)


ဒီနေရာမှာ ပြောချင်တာက တရားအားထုတ်တယ်ဆိုတော့ တချို့ကလဲ

နိဗ္ဗာန်လိုချင်မှ လိုချင်မှာပါ။ ဒီတော့ စိတ်ဓာတ်ခွန်အားကောင်းဖို့ပဲဖြစ်ဖြစ်၊

စိတ်ညစ်စရာတွေကို သည်းခံနိုင်စွမ်းရှိဖို့ပဲဖြစ်ဖြစ်၊ စိတ်တိုဒေါသကြီးပြီး

အမှားလုပ်တတ်တဲ့သူတွေ မိမိစိတ်မိမိ ထိန်းနိုင်အောင်ပဲဖြစ်ဖြစ်၊ တစ်ရက်မှာ

နာရီဝက်တစ်နာရီလေးပဲဆိုဆို အားထုတ်သင့်ပါတယ်။ ပျော်ရွင်မြူးတူးနေတဲ့

အချိန်ထဲက နာရီဝက်လေးပဲ ပေးလိုက်ပါ။ အဲ့ဒါ လူဖြစ်လာရတဲ့ဘ၀မှာ

မိမိရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်ပဲ ဖြစ်ပါတယ်။


မိမိတို့ဘ၀တလျောက်လုံးမှာ စားဝတ်နေရေး စည်းစိမ်ဥစ္စာ

သားမယားအစရှိသဖြင့် လိုချင်တပ်မက်တဲ့ လောဘတဏှာတွေနဲ့ပဲ

အသက်ရှင်လာခဲ့ကြတာပါ။ ဒီအတိုင်း ဒုံရင်းဒုံရင်းနဲ့ပဲ သေသွားခဲ့ရင်

လူဖြစ်ရတာ သိပ်ရှုံးပါတယ်။ ကုသိုလ်ပြုလိုခြင်း၊ ပေးကမ်းလိုခြင်း၊

တရာနာလိုခြင်း၊ တရားအားထုတ်လိုခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်အစစ်အမှန်ကို

ရလိုခြင်းဆိုတာတွေက ကုသိုလ်ဆန္ဒ ကောင်းမြတ်တဲ့

သမ္မာဆန္ဒတွေပဲ ဖြစ်ပါတယ်။


မဂ်လေးပါးမှာ

ဦးဆုံးဖြစ်တဲ့ သောတာပတ္တိမဂ်ဖိုလ်ကို ရောက်ကြောင်းအင်္ဂါ လေးပါး

ရှိပါတယ်။ (၁) သူတော်ကောင်းကို မှီဝဲရခြင်း၊ (၂) သူတော်ကောင်းတရားကို

ကြားနာရခြင်း၊ (၃)အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်း၊

(၄) လောကုတ္တရာတရားအားလျော်သော

အကျင့်ကိုကျင့်ခြင်းဆိုတဲ့ လေးပါးပါပဲ။


တရားအားထုတ်သူမှာ (၁) သဒ္ဓါတရား အားကောင်းရပါမယ်၊ (၂) ၀ီရိယ

အားကောင်းရပါမယ်၊ (၃) သတိမြဲမြံရပါမယ်၊ (၄)

သမာဓိအားကောင်းအောင် လေ့ကျင့်ပျိုးထောင်ရပါမယ်၊ (၅)

ပညာနဲ့ပြည့်စုံရပါမယ်။ ဗိုလ်ငါးပါးလို့ ခေါ်ပါတယ်။


မိမိရဲ့သမာဓိအားကို အနှောင့်အယှက်ပေးမယ့် ဥဒ္ဓစ္စ (စိတ်ပြန့်လွင့်ခြင်း)၊

ကုက္ကုစ္စ (ပြုမိခဲ့တဲ့ အကုသိုလ်တွေ မပြုမိတဲ့ကုသိုလ်တွေမှာ ပြန်စဉ်းစားပြီး

စိုးရိမ်ပူပန်ခြင်း)၊ ထိန (စိတ်ရဲ့ထိုင်းမှိုင်းခြင်း)၊ မိဒ္ဓ (စေတသိတ်တို့ရဲ့

ထိုင်းမှိုင်းခြင်း)၊ ကာမစ္ဆန္ဒ (ကာမဂုဏ်ကို လိုလားတောင့်တခြင်း)၊ အဘိဇ္ဈာ

(သူတပါးစည်းစိမ်ကို ရှေးရှု့ကြံခြင်း)၊ ဗျာပါဒ (သူတပါးစည်းစိမ်ကို

နှိပ်စက်ဖျက်စီးလိုခြင်း၊ မကောင်းကြံခြင်း)၊ ၀ိစိကိစ္ဆာ (စိတ်နှစ်ခွ ဒွဟဖြစ်

သံသယမကင်း တွေးတောခြင်း) ဆိုတဲ့ နီဝရဏတရားတွေကိုလဲ

မဖြစ်စေရပါဘူး။


ဘယ်လိုတရားအားထုတ်ရမှာလဲဆိုတော့ မိမိရဲ့စိတ်ကလေးကို နှာသီးဝမှာ

ထားပါ။ စိတ်ကိုဘယ်ကိုမှ မလွင့်ပါးစေပဲနဲ့ လေကလေး ၀င်သွားတာလဲ

သိပေးပါ။ ထွက်သွားတာလဲ သိပေးပါ။ ဒီလိုဝင်လေထွက်လေကို ရှု့မှတ်လို့

သမာဓိမရနိုင် ဖြစ်နေရင် (သမာဓိရနိုင်ရင်တော့ ၀င်လေထွက်လေကိုပဲ

ဆက်ရှု့မှတ်ရပါမယ်) ဘုရားဂုဏ်တော်ကိုးပါးကို အသံမထွက်စေပဲ

စိတ်ထဲမှာ ရွတ်နေပေးပါ။


ဘုရားဂုဏ်တော်ကိုးပါးကို တရားထိုင်မှ မဟုတ်ပါဘူး။ မိမိတို့

သွားရင်းလာရင်း၊ အလုပ်လုပ်နေရင်းနဲ့လဲ အာရုံပြုနေနိုင်ပါတယ်။ ပါးစပ်က

ရွတ်နေမှမဟုတ်ပါဘူး။ စိတ်ထဲမှာတင် အာရုံပြုနေလို့ရပါတယ်။

မိမိတကိုယ်လုံးကို ဘုရားဂုဏ်တော်တွေ လွမ်းခြုံထားလို့

မိမိခန္ဓာအိမ်ဟာ စေတီအိမ် ထိုက်ပါတယ်။ မိမိမှာ အရှိန်အ၀ါ

အစွမ်းသတ္တိတစ်မျိုး ရှိသလိုပါပဲ။ အင်မတန်ဘေးကင်းပြီး

အမှု့ကိစ္စတွေကို အောင်မြင်နိုင်စွမ်း ရှိပါတယ်။


ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မိမိဥာဏ်နဲ့ သက်ဝင်ယုံကြည်ပြီးတော့

အမှန်အတိုင်း သိပြီးလို့ဖြစ်ပေါ်လာတဲ့ ကြည်လင်ခြင်း ယုံကြည်ခြင်းကို

အဝေစ္စပသာဒလို့ ခေါ်ပါတယ်။ အရိယာမဂ်သဒ္ဓါတရားနဲ့တူတဲ့

သဒ္ဓါတရားဟာလဲ အဝေစ္စပသာဒပါပဲ။ အဲ့ဒီသဒ္ဓါတရားဟာ

မိစ္ဆာအယူလေတွေ တိုက်ခတ်လို့ လှုပ်ရှားခြင်း မရှိပါဘူး။ တုန်လှုပ်ခြင်း

မရှိပါဘူး။ အဲ့ဒီသဒ္ဓါတရား အဝေစ္စပသာဒနဲ့ ပြည့်စုံတဲ့သူကို

ဗုဒ္ဓါနုဿတိဘာဝနာဟာ ပြီးပြည့်စုံစေတတ်ပါတယ်။ တခြားပုဂ္ဂိုလ်ကို မပြီးစီး

မပြည့်စုံစေနိုင်ပါဘူး။ ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုနေလို့

သမာဓိအားရလာရင်

ဝင်လေထွက်လေကိုပဲ ပြောင်းပြီးရှု့မှတ်ရပါမယ်။


မပြီးဆုံးသေးပါ။ ဆက်ရေးပါဦးမည်။


BY-ASHIN SUMANGALA

No comments:

Post a Comment