Tuesday 10 December 2013

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ ။(၁)



ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

ဧကတ္ထနည်းနှင့် နာနတ္တနည်းဟူသည် အဘယ်တို့နည်း။

ဒကာကြီးတစ်ယောက်က ဧကတ္တနည်းအစရှိသော

နည်းလေးပါးကို မေးလာပါသဖြင့် နှစ်ပိုင်းခွဲပြီး ဖြေဆိုရေးသားလိုက်ပါတယ်။

တရားဓမ္မ စိတ်ပါဝင်စားသူများ ဖတ်ရှု့လေ့လာနိုင်ပါတယ်။

ရှေးဘ၀က မိမိတို့ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့

အကြောင်းတရားတွေကြောင့် နောက်ဘ၀မှာ ခွေးဘ၀ နွားဘ၀ လူဘဝ

နတ်ဘ၀ အစရှိသဖြင့် ရုပ်နာမ်အစဉ် ဖြစ်လာရပါတယ်။

(အသက်ရှင်စဉ်တုန်းမှာ ကုသိုလ်ကို မျက်ကွယ်ပြုပြီး

အကုသိုလ်တွေကြီးပဲ ပြုလုပ်နေရင် သေပြီးတဲ့အခါ ငရဲ တရိ စ္ဆာန် ပြိတ္တာ

အသုရကာယ်ဆိုတဲ့ အပါယ်လေးဘုံမှာ ဖြစ်ရပြီးတော့ ကုသိုလ်တွေ

အားကောင်းရင်တော့

လူ့ဘ၀နတ်ဘ၀ဆိုတဲ့ ကောင်းတဲ့ဘ၀မှာ ဖြစ်လာရပါတယ်။)

အဲ့ဒီလိုဘ၀သစ် ဖြစ်လာတဲ့အခါမှာ ရှေးဘ၀နဲ့နောက်ဘ၀ဟာ

အကြောင်းအကျိုးတွေ ဆက်စပ်ပြီးတော့

ရုပ်နာမ်အစဉ်တစ်ခုထဲလို ဖြစ်နေတဲ့အတွက်ကြောင့်မို့ ရှေးဘ၀က

ကုသိုလ်ကံအကုသိုလ်ကံတွေကို ပြုတဲ့သူနဲ့ ဒီဘ၀မှာ

အဲ့ဒီကံတွေရဲ့အကျိုးကို ခံစားရတဲ့သူဟာ တစ်ယောက်တည်းလို့

ယူဆတဲ့နည်းကို ဧကတ္တနည်းလို့ ခေါ်ပါတယ်။ ဥပမာ ထပ်ပြောရရင်

သရက်စေ့ကနေ သရက်ပင်ပေါက်လာတဲ့အခါ သရက်စေ့က

အပင်မဟုတ်ပေမယ့်လဲ အစေ့ကိုမလိုက်ရင် အပင်ပါတယ်၊

အပင်ကိုဆွဲလိုက်ရင်လဲ အစေ့ပါလာတော့ တခုထဲလိုဖြစ်နေတယ်။ အဲ့ဒါကို

ဧကတ္တနည်းလို့ ခေါ်ပါတယ်။

သတ္တ၀ါတွေသေတဲ့အခါ ဘ၀ဟောင်းကရုပ်နာမ်က ဘ၀ဟောင်းမှာပဲ

အလုံးစုံချုပ်ခဲ့တယ်။ ဒီဘ၀သစ်မှာ ရုပ်နာမ်အသစ်ဖြစ်တယ်။ ဒါကြောင့်မို့

ဘ၀ဟောင်းက ရုပ်နာမ်ကတခြား၊ ဘ၀သစ်က ရုပ်နာမ်က တခြားလို့

ခွဲခြားပြီး ယူတဲ့နည်းကို နာနတ္တနည်းလို့ ခေါ်ပါတယ်။ ဥပမာ ထပ်ပြောရရင်

သရက်စေ့က အပင်ပေါက်လာတဲ့အခါ သရက်စေ့ကတခြား

အပင်ကတခြားမို့ အဲ့ဒီလိုခွဲခြားပြီးယူတဲ့နည်းကိ

နာနတ္တနည်းလို့ ခေါ်ပါတယ်။ (ယခင်က ရေးသားခဲ့တဲ့... လောကမှာ

လူသေရင် ၀ိညာဉ်လိပ်ပြာ အိမ်မှာ()ရက်နေတယ်ဆိုတာ

ဟုတ်မဟုတ်... ခေါင်းစဉ်ပေးထားတဲ့ တရားစာပေများနှင့် နှိုင်းယှဉ်ပြီး

ဖတ်ရှု့နိုင်ပါတယ်။ အဲ့ဒါမှသာ ဒိဋ္ဌိကင်းပြီး ဥာဏ်အမြင်ရှင်းနိုင်ပါမယ်။

ဒီနေရာမှာ ဆိုလိုရင်းမျှသာ ရေးသားလိုက်ပါတယ်။)

BY - ASHIN SUMANGALA

No comments:

Post a Comment